မိုင်းကိုင် ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေတို့ဖြင့် မိုင်းကိုင်မြို့နယ်အတွင်း ကျေးလက်ကုန်ထုတ်လမ်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
နားဟွေလုံကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းအရှည် ၂ မိုင်၊ အကျယ် ၁၂ ပေ၊ ထုမြေသား ၁ ပေ ဗြုန်းကျောက် ၉ လက်မခင်းခြင်းလုပ်ငန်း၊ ကုန်းညောင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းအရှည် ၁ မိုင်၊ ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထုမြေသား ၁ ပေ ဗြုန်းကျောက် ၉ လက်မခင်းခြင်းလုပ်ငန်း၊ ဝမ်ကန်ကျေးရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက်အရှည် ၂ မိုင်ရှိသော စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ခုတည်ဆောက်ခြင်း၊ ရေတားတမံတစ်ခု တည်ဆောက်ခြင်းလုပ်ငန်းများ၊ လွယ်ဟန်းကျေးရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် အရှည် ၂ မိုင်၊ ၄ ဖာလုံရှိသော စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ခု တည်ဆောက်ခြင်း၊ ရေတားတမံတစ်ခု တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေ စုစုပေါင်းငွေကျပ်သန်း ၂၅၀ ကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက လယ်ယာထွက်ကုန်သီးနှံများ စျေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည့်အပြင် သောက်သုံးရေ ဖူလုံစွာရရှိနိုင်တော့မည်ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်းထံမှ သိရသည်။
ငြိမ်းသူ