မိုင်းကိုင် ၁၁ စက်တင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ပြည်သူဗဟိုပြု ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုထိရောက် မြန်ဆန်လာစေရေးအတွက် မြို့နယ်အတွင်းရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ စက်တင်ဘာ ၁၁ ရက်နေ့ က တုံလောကျေးရွာအုပ်စုနှင့် ပန်ကေတုကျေးရွာအုပ်စုသို့ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ကို ကွင်းဆင်းဆောင် ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ရွေ့လျားဝန်ဆောင်မှု ကွင်းဆင်းအဖွဲ့သည် တုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးလက်နေပြည်သူများနှင့် လူထုတွေ့ဆုံပွဲကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးရဲထွန်းအောင်တို့က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ ဌာနနှင့်သက်ဆိုင်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ သစ်တောနှင့် လယ်ယာမြေကိစ္စရပ်များ၊ ကျေးလက်ရေပေးရေး၊ ကျေးလက်မီးလင်းရေး ၊ လူဦးရေနှင့် အိမ်ထောင်စုစာရင်း ရေးသွင်းရေး ကိစ္စရပ်များကို ချပြဆွေးနွေးခြင်း၊ ကျေးလက် နေပြည်သူများ၏ မေးမြန်းဆွေးနွေးချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ လယ်ယာမြေလုပ်ကိုင်ခွင့် လျှောက်ထားသော တုံလောကျေးရွာအုပ်စုမှ တောင်သူဦးပိုင် (၇၆)ဦး ၊ ပန်ကေတုကျေးရွာအုပ်စုမှ တောင်သူဦးပိုင် (၄)ဦးတို့ကို လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ်ပုံစံ−၇ များအား ထုတ်ပေးခြင်း၊ တုံလောကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျောင်း၏ လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှုခြင်း၊ မြို့နယ်ကျန်းမာရေးဌာန ကွင်းဆင်းအဖွဲ့မှ ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သက်ငယ်မုဒိမ်း ပပျောက်ရေး ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင် ၊ ဓာတ်ပုံပြပွဲများ ဆောင်ရွက်ခြင်းများ ပြုလုပ်ကာ ကျေးလက်နေ ပြည်သူများအတွက် ရွေ့လျားဝန်ဆောင်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)


