မိုင်းကိုင် ၂၁ မတ်
ယခု မတ်လတတိယအပတ်အတွင်းမှ စတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ဝက်များရောဂါဖြစ်၍ သေဆုံးနေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အများစုမှာ လုတ်တောင်းကျေးရွာအုပ်စု၊ ဖာလမ်ကျေးရွာတွင် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ လုတ်တောင်းကျေးရွာအုပ်စု၊ ဖာလမ်ကျေးရွာမှ ဝက်သားပေါက်များ လာရောက်ရောင်းချသဖြင့် ဝမ်ဖွီးကျေးရွာအုပ်စုနေ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူသည် ဝက်နှစ်ကောင်ကို ဝယ်ယူပြီး ၎င်း၏ ဝက်ခြံအတွင်းမှ ဝက်များနှင့်အတူ ရောနှောထားရာ ၎င်းမွေးမြူထားသော ဝက်များသည်လည်း အစာမစားတော့ဘဲ ငိုင်တွေလာခြင်း၊ ချမ်းတုန်လာခြင်းများ ဖြစ်ပွားကာ သုံးလေးရက်ခန့် အကြာတွင် တစ်ကောင်ပြီးတစ်ကောင် သေဆုံးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဝက်များရောဂါဖြစ်ပွားမှု အခြေအနေကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ဝက်မွေးမြူရေး ပြုလုပ်သူ စိုင်းစံညွန့်က ပြောကြားသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)


