မိုင်းကိုင် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက ၁၀၀ ကို တောင်သူ ၁၉ ဦးပိုင် လယ်ကွက်၌ စမ်းသပ်စိုက်ပျိုးထားရာ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၊ ကွင်းအမှတ်(၃၅)၊ ဦးပိုင်အမှတ်(၈)၊ မျိုးစေ့ထုတ်တောင်သူ ဦးစိုင်းလှဖေ၏ လယ်ကွက်၌ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်း ရိတ်သိမ်းပွဲကို ပြုလုပ်ခဲ့သည်။
မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းပွဲတွင် တောင်သူဦးစိုင်းလှဖေ၏ DU-8 စပါးမျိုးစေ့ထုတ် စိုက်ခင်း ၃ ဧကမှ သုည ဒသမ ၁၀ ဧကကို (တစ်ဧက ကိုယ်စားပြု) ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် မျိုးစေ့ထုတ် စပါးအစို ၉၈ တင်း ထွက်ရှိခဲ့သည်။
အဆိုပါရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးရဲသွေးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူ လယ်သမားများ တက်ရောက်ကြပြီး စပါးမျိုးစေ့ထုတ် တောင်သူများ တိုးပွားလာစေရေး စိုက်စနစ် နည်းပညာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)