မိုင်းလုံ၊ ၁၂        ဇန်နဝါရီ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  မိုင်းလုံမြို့တွင် လက်ဖက်အထွက်နှုန်း တိုးတက်စေရန် လက်ဖက် ကိုင်းဖြတ်နည်း သရုပ်ပြသခြင်းနှင့် သဘာဝမြေသြဇာ အသုံးပြုနည်းများကို ဇန်နဝါရီ ၁၂ ရက် နံနက် ၁ဝ နာရီက ဈေးရပ်ကွက်နေ ခြံရှင် ဦးထွေး၏ လက်ဖက်ခင်းတွင် ပြုလုပ်သည်။

 

mdn

 

သရုပ်ပြပွဲတွင် မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိုးစိုးအေးက လက်ဖက်အထွက်နှုန်း တိုးရန်၊ အရည်အသွေးကောင်းရန်၊ ခူးဆွတ်နည်းအကြောင်း၊ သဘာဝမြေဆွေးအသုံးပြုနည်း၊ နောက်ချေး မြေကြီး ရောစပ်ပျိုးထုတ်နည်းအကြောင်း စသည့်စိုက်နည်းစနစ်များကို ရှင်းလင်းပြောကြားပြီး မြေပြင်ညီ ကိုင်းဖြတ်နည်းနှင့် အကိုင်းချန် ကိုင်းဖြတ်နည်းများကို လက်တွေ့ သရုပ်ပြသသည်။

 

လက်ဖက်ပင်များကို ကိုင်းဖြတ်ကတ်ကြေးဖြင့် စနစ်တကျ ဖြတ်ခြင်းအားဖြင့် လက်ဖက်ပင်အတွက် လေဝင်လေထွက်ကောင်းခြင်း၊ အညွန့်ပိုမိုသန်မာခြင်း၊ ကိုင်းကွဲနည်းပြီး လက်ဖက်ညွန့်များလည်း ပိုမိုထွက်ရှိ၍ စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ဦးစီးမှူး ဒေါ်စိုးစိုးအေးက ဆွေးနွေး ပြောကြားခဲ့သည်။

 

ဇော်ဇော်(ပြန်/ဆက်)