မြိုင်    ၂၀   မတ်    

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို မတ် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ဆေးရုံတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ဇေယျတို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး (သွေးလွန်တုပ်ကွေး/ဆင်ခြေထောက်) ဒေါက်တာနေရည်ရည်လင်းက ဆင်ခြေထောက်ရောဂါ ဖြစ်ပွားပုံ၊ ကူးစက်ပြန့်ပွားပုံ၊ မြန်မာနိုင်ငံ၏ ဆင်ခြေထောက်ရောဂါအခြေအနေ၊ တိုက်ကျွေးမည့်ဆေးများ၊ ဆေးတိုက်ကျွေးခြင်းဆောင်ရွက်မည့် နည်းလမ်းများ၊ ဆေးသောက်ခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းပြခဲ့သည်။

ထို့နောက် မြို့နယ်အတွင်း ပုံမှန်ဆေးတိုက်ကျွေးခြင်းဆောင်ရွက်ထားရှိမှု သုတေသနအကြောင်းအား ဒေါက်တာဒေါ်မိုးမိုးအောင်က ရှင်းပြရာတွင် သုဒတသနပြုလုပ်ခြင်း၏ ရည်ရွယ်ချက်၊ ဆေးတိုက်ကျွေးခြင်း ဆောင်ရွက်အစီအစဉ်များ၊ မွမ်းမံဆေးတိုက်ကျွေးခြင်းဆောင်ရွက်မည့်အပိုင်းများ၊ ဆေးတိုက်ကျွေးခြင်း ဆောင်ရွက်ခြင်းတွင် ကြုံတွေ့ရမည့်အခက်များကို ရှင်းပြခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကူညီပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ 

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများက ဆေးတိုက်ကျွေးခြင်းလုပ်ငန်းတွင် တွေ့ကြုံရမည့်အခက်အခဲ၊ ပြဿနာများ၊ နည်းလမ်းများကို ပြန်လည်ဆွေးနွေးခဲ့ပြီး အဆိုပါ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းအား မတ် ၂၈ ရက်နေ့မှ ဧပြီ ၆ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် မြို့နယ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရ(ပုံတောင်)