မြိုင်  ၂၆ မတ်    


မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် အိုရင်းကျေးရွာအုပ်စု ဇီးတောကျေးရွာ ဒေသခံပြည်သူများ  ရာသီမရွေး သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မွမ်းမံရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်း၊ ပါဝါမီတာ တပ်ဆင်ခြင်း၊ အမြင့် ၂၀ ပေရှိ ဂါလန် ၂၄၀ဝ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၍ မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ ယခုအခါ စက်ရေတွင်းတူးဖော်ခြင်း ပြီးစီးပြီနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။  


မြိုင်မြို့နယ်၊ အိုရင်းကျေးရွာအုပ်စု၊ ဇီးတောကျေးရွာသည် အိမ်ခြေ(၁၇၉)၊ လူဦးရေ(၁၂၇၈)ဦးရှိပြီး ယခင်က ဘုန်းတော်ကြီး ကျောင်းဝန်းထဲတွင် စက်ရေတွင်းတစ်တွင်းရှိသော်လည်း နွေရာသီကာလများတွင် သောက်သုံးရေဖူလုံစွာမရရှိ၍ ရေရှားပါးမှု အခက်အခဲများ နှစ်စဉ်ကြုံတွေခဲ့ရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။


“ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိပါတယ်၊ ဇီးတောကျေးရွာဟာဆိုရင်တော့ စက်ရေတွင်းတစ်တွင်း ရှိသော်လည်း နွေရာသီကာလရောက်ရင် ကျေးရွာရှိ လူနှင့် ကျွဲနွားတိရစ္ဆာန်တွေအတွက် ရေလုံလုံလောက်လောက် မရရှိတဲ့ အတွက် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်မှာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မွမ်းမံရန်ပုံငွေကျပ် ၂၆ ဒသမ ၃၁၄ သန်းဖြင့် လေးလက်မအကျယ် အနက်ပေ ၈၀ဝ ရှိ စက်ရေတွင်းတူးဖော်ခြင်း ဆောင်ရွက်ပေးနေပါတယ်။ လက်ရှိမှာတော့ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းက ဆောင်ရွက်ပြီးစီးသွားပါပြီ။ ကျန်ရှိတဲ့ ပါဝါမီတာတပ်ဆင်ခြင်း၊ အမြင့် ၂၀ ပေရှိ ဂါလန် (၂၄၀ဝ)ဆံ့ စင်မြင့်ရေစင်တည်တောက်ခြင်းလုပ်ငန်းများကိုလည်း မကြာခင်ပြီးစီးအောင် ဆောင်ရွက်သွားမှာပါ” ဟု မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း ပြောပြ၍ သိရသည်။


အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေနှင့် မြို့နယ် တာဝန်ရှိသူများက ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ စက်ရေတွင်းမှ ရေမှုတ်ထုတ်ခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။


မြိုင်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ဇီးတောကျေးရွာ အပါအဝင် ကျေးရွာ(၇)ရွာ၌ ကျေးလက်နေ ပြည်သူများသောက်သုံးရေဖူလုံစွာရရှိရေးအတွက် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းခြောက်ခု၊ မြေသားမိုးရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းတစ်ခုကို ငွေကျပ် ၁၅၅ ဒသမ ၅၈၄ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းလွင်(မကွေး)