မြိုင်  ၁၃  ဧပြီ 

 

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ မြေရင့်ကျေးရွာအုပ်စု၊ မြေရင့်ကျေးရွာ ဒေသခံပြည်သူများ  ရာသီမရွေး သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြု ရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို မတ်လ နောက်ဆုံးအပတ်မှစ၍ မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ ယခုအခါ စက်ရေတွင်း တူးဖော်ခြင်း ပြီးစီးပြီနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။ 

 

63

 

မြိုင်မြို့နယ်၊ မြေရင့်ကျေးရွာအုပ်စု၊ မြေရင့်ကျေးရွာသည် အိမ်ခြေ(၂၉၇)၊ လူဦးရေ(၁၅၁၁)ဦးရှိပြီး ယခင်က ကျေးရွာပိုင် စက်ရေတွင်းတစ်တွင်းရှိသော်လည်း အိမ်ခြေ၊ လူဦးရေအားလုံးအတွက် သောက်သုံးရေ လုံလောက်မှု မရှိသောကြောင့် နွေရာသီကာလရောက်တိုင်း သောက်သုံးရေရှားပါးမှု အခက်အခဲများ နှစ်စဉ်ကြုံတွေခဲ့ရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 

963

 

မြေရင့်ကျေးရွာ သောက်သုံးရေရရှိရေးအတွက် ယခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၄၁၉ သန်း ဖြင့် လေးလက်မအကျယ်အနက်ပေ ၈၀ဝ ရှိစက်ရေတွင်း တူးဖော်ခြင်း ဆောင်ရွက်ပေးနေကြောင်း၊ လက်ရှိမှာတော့   စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးပြီး တွင်းဆေးလေမှုတ်ခြင်း ဆောင်ရွက်ရာ ရေဂါလန် ၁၆၀ဝ ထွက်ရှိကြောင်း ၊ ကျန်ရှိတဲ့ ဂါလံ(၅၀ဝ၀)ဆံ့ အုတ်ရေကန် တည်တောက်ခြင်းနှင့် အလျား ၁၀ ပေ၊ အနံရှစ်ပေ၊ အမြင့်ရှစ်ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း မကြာခင်ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြိုင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းက ပြောပြ၍ သိရသည်။

 

965

 

မြိုင်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် မြေရင့်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၃ ရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် သောက်သုံးရေ ရရှိရေးလုပ်ငန်း ၁၃ ခုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေကျပ် ၂၂၉ ဒသမ ၁၉၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်ဦး

 

965