မြိုင် ၄ စက်တင်ဘာ 


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ရွာတန်းရှည်ကျေးရွာ၌ သောက်သုံးရေရရှိရေး ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အဝီစိစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ဇွန်လတတိယပတ်က စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ရွာတန်းရှည်ကျေးရွာသည် ယခင်က ကျေးရွာပိုင်စက်ရေတွင်းတစ်တွင်းရှိသော်လည်း နှစ်စဉ်နွေရာသီရောက်တိုင်း သောက်သုံးရေ လုံလောက်စွာမရရှိခဲ့ကြောင်း၊  ယခု ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၂၄ ဒသမ ၁ သန်းဖြင့် တွင်းအကျယ်လေးလက်မ အနက်ပေ ၉၀ဝ ခန့်ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း၊ လက်ရှိမှာတော့ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းပြီးစီး၍ တွင်းဆေးလေမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း  ပြောပြသည်။


အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ မြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ရွာတန်းရှည်ကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပါသည်။


အဆိုပါ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၂၀ဝ)၊ လူဦးရေ (၁၀၅၆)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ၏ သောက်သုံးရေအခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း မြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းထံမှ သိရသည်။


သန်းလွင်(မကွေး)

 

 

1