မြိုင်  ၁၀  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အဆိုပါ ထောက်ပံ့ငွေများအား မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၂၃၅၃၈) စုအတွက် ငွေကျပ် (၄၇၀၇၆၀၀၀၀) အား နိုင်ငံတော်မှ ထောက်ပံခြင်းဖြစ်ရာ အဆိုပါထောက်ပံ့ငွေများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့က သက်ဆိုင်ရာ နယ်မြေဇုံအလိုက် ခွဲဝေတာဝန်ပေးထားသော အဖွဲ့ခေါင်းဆောင်များထံ ပေးအပ်ခဲ့ပြီး ယနေ့ မွန်းတည့် ၁၂ နာရီတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံငွေများအား မြို့နယ်အတွင်းထောက်ပံ့ရာတွင် အခြေခံလူတန်းစား အိမ်ထောင်စုများလက်ဝယ်သို့ မှန်မှန်ကန်ကန် အပြည့်အဝရောက်ရှိစေရေး အထူးဆောင်ရွက်သွားရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က သက်ဆိုင်ရာ နယ်မြေဇုံအလိုက် ခွဲဝေတာဝန်ပေးထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချူပ်‌ရေးမှူးများကို လမ်းညွှန်မှာကြားခဲ့သည်။ 

သူရ(ပုံတောင်)