မြိုင်၊ ၁၂ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ စက်ရေတွင်းတူးဖော်နိုင်ရေးအတွက် သန့်ရှင်းကောင်းမွန်သည့် မြေအောက်ရေအောင်းလွှာတည်ရှိမည့်နေရာကို ဇန်နဝါရီ ၄ ရက်မှ ၁၁ ရက်အထိ Geophysical Suvey (GP)တိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ တိုင်းတာမှုများဆောင်ရွက်ရာတွင် မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေအောက်ရေတိုင်းတာရေး တာဝန်ခံဝန်ထမ်းများက နွေရာသီကာလရေရှားပါးမှုဖြစ်နိုင်သော ကြက်မောက် ကျေးရွာ၊ သမန်းကန်ကျေးရွာ၊ ဝယ်တောင်(တောင်)ကျေးရွာ၊ ဝယ်တောင်(မြောက်) ကျေးရွာ၊ ဆိတ်ချေးကျေးရွာ၊ မကျီးကန်ကျေးရွာ၊ သရက်ကွကျေးရွာ၊ ဆားလင်းကန်ကျေးရွာနှင့် ကြံစိမ့်လေးကျေးရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် စက်ရေတွင်းတူးဖော်မည့် တလင်းယာကျေးရွာနှင့် ကံကြီးရိုးကျေးရွာ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားကျေးရွာများဖြစ်သည့် သရက်ကန်ကျေးရွာ တောတိုက်နှင့် ထနှောင်းကုန်းကျေးရွာတို့တွင် မြေအောက်ရေ အောင်းလွှာတည်ရှိမည့်နေရာကို GP Survey တိုင်းတာမှုများ ဆောင်ရွက်ကြသည်။
GP Survey တိုင်းတာမှုများ ဆောင်ရွက်ပေးခြင်းကြောင့် စက်ရေတွင်းတူးဖော်ရာတွင် ရေထွက်နည်းခြင်း၊ ရေအရည်အသွေး ကောင်းမွန်မှုမရှိခြင်း စသည့်အခက်အခဲများ လျော့နည်းသက်သာစေနိုင်ကြောင်း မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းထံမှ သိရသည်။
ဇော်မင်းဌေး


