မြိုင် စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ဒေသခံပြည်သူများ၏ အောက်စီဂျင်အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သော ZOY30 အောက်စီဂျင်စက်သည် စက်တင်ဘာလ ၁၉ ရက်က မြိုင်မြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့သည်။

မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအသုံးပြုရန် အောက်စီဂျင်ကို ပေါက်မြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် အခြားမြို့နယ်များသို့သွားရောက် သယ်ဆောင်ခဲ့ကြရပြီး လူနာများ၏ အရေးပေါ် အခြေအနေများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပရဟိတအဖွဲ့များပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါတွင် မြို့နယ်အတွင်းတွင် အောက်စီဂျင်ကို အလွယ်တကူရရှိစေရန်တွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သော အောက်စီဂျင်စက်ဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

အဆိုပါ အောက်စီဂျင်စက်ကို မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် ထားရှိကာ တစ်နာရီလျှင် အောက်စီဂျင် ၄၀ လီတာအိုး (၅)လုံးထွက်ရှိမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ပြည်သူများ၏ ကျန်းမာရေး အရေးပေါ်အခြေအနေများကိုအလွယ်တကူ ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် စက်တင်ဘာလကုန်တွင် အောက်စီဂျင် စတင်ထုတ်လုပ်
နိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သူရ(ပုံတောင်)