မြိုင် ၂၇ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် တောင်ယမားရေလှောင်တမံ ရေစိမ့်ဝင်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများကို ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
မြိုင်မြို့နယ်ရှိ တောင်ယမားရေလှောင်တမံ ရေစိမ့်ဝင်မှုကြောင့် ငါးလင်းစေ့ကျေးရွာနှင့် ပေါက်ရင်းကျေးရွာတို့ ပြောင်းရွှေ့ခဲ့ရခြင်းကြောင့် ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အနေဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများကို ပြောင်းရွှေ့ခဲ့ရသော ငါးလင်းစေ့ကျေးရွာမှ အိမ်ထောင်စု(၅၅) စု နှင့် ပေါက်ရင်းကျေးရွာမှအိမ်ထောင်စု(၁၁)စု အတွက်အိမ်ထောင်စု တစ်စုလျှင် ၁ သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း(၆၆)သိန်းကျပ်ကို ပြောင်းရွှေ့ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်တို့ တက်ရောက်ခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက ထောက်ပံ့ငွေများကို သက်ဆိုင်ရာအိမ်ထောင်စုများထံသို့ အဆင်ပြေချောမွေ့စွာ ပေးအပ်ထောက်ပံ့နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်


