မြစ်ကြီးနား မတ် ၈
ကချင်ပြည်နယ်အတွင်း တစ်ဖက်နိုင်ငံမှ သွင်းကုန် ပစ္စည်းများနှင့်ပတ်သက်၍ တရားဝင် သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုနိုင်ရေးနှင့် စစ်ဆေးဆောင်ရွက်နိုင်ရေးတို့အတွက် မိုင်းနားအခြေပြု ကံပိုင်တည် ကုန်သွယ်ရေးစခန်း ယာယီယာဉ်စစ်ဆေးကွင်း ဖွင့်လှစ်ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့သို့ တစ်ဖက်နိုင်ငံမှ ဝင်ရောက်နေသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ တရားဝင်ဖြစ်စေရေး၊ ဒေသတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် တရားဝင်သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုခြင်း၊ ကျသင့်အခွန်အခများ ပေးဆောင်စေခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကံပိုင်တည် OSS အဖွဲ့သည် ယခုလ ၆ ရက်မှစတင်ပြီး ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ ရွှေမိုးတောင် ဘုရားတောင်ခြေတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း စစ်ဆေးဆောင်ရွက်မည့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အကောက်ခွန်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ OSS အဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မိုင်းနားအခြေပြု ကံပိုင်တည်ကုန်သွယ်ရေးစခန်း ယာယီယာဉ်စစ်ဆေးရေးကွင်း ဖွင့်လှစ်ထားရှိမှု၊ ကုန်သွယ်ရေးလုပ်ငန်းများအပေါ် ညွှန်ကြားချက်များ နှင့်အညီ SOP ထုတ်ပြန်ချက်အတိုင်း ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ OSS အဖွဲ့မှ ယာဉ်တင် ကုန်ပစ္စည်းများ စစ်ဆေးဆောင်ရွက်ရာတွင် လိုအပ်သည့် ကိစ္စရပ်များ၊ ယာဉ်များ ရပ်နားကွင်းမြေနေရာနှင့် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင် ပြကြရာ ပြည်နယ်ဝန်ကြီးများက ကုန်သွယ်ရေးနှင့် စစ်ဆေးရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် က လုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ကြရေး၊ OSS အဖွဲ့များအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ထုတ်ပြန်ထားသည့် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရေး မှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ - ၁ ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အထွေထွေ ပိုလျှံရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားမည့် Quick Win လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် က ပြည်ထောင်စု၏ အထွေထွေပိုလျှံရန်ပုံငွေမှ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိ ထိရောက်ပြီး အချိန်တိုအတွင်း လျင်မြန်စွာဆောင်ရွက်ပြီးစီးနိုင်သည့် Quick Win လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့် စိစစ်တင်ပြဆွေးနွေး ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ် အဆင့် ဌာနဆိုင်ရာများက မြစ်ကြီးနား၊ မိုးညှင်းနှင့် ပူတာအိုခရိုင်များအတွက် အချိန်တိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေရရှိရေး၊ ကုန်ထုတ်လမ်း/ တံတားများနှင့် ရေရှိရေးလုပ်ငန်းများ၊ ကျေးရွာ ချင်းဆက်လမ်းများနှင့် လယ်ယာသုံးပစ္စည်းကိရိယာများ ဝယ်ယူတင်သွင်းရေးစသည့် လုပ်ငန်းများအတွက် ရန်ပုံငွေ ရေးဆွဲတင်ပြထားရှိမှု အခြေအနေကို တင်ပြကြရာ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာနနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ ပြည်နယ် ဦးစီးမှူးက လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရန်ပုံငွေ တင်ပြတောင်းခံရာတွင် လိုက်နာရမည့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားများချက်နှင့်အညီ ဖြစ်စေရေး စိစစ်တိုက်ဆိုင် ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက် ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသည် ဒေသလိုအပ်ချက်နှင့် ကိုက်ညီမှု ရှိပြီး အမှန်တကယ် အကျိုးဖြစ်ထွန်းစေသော်လည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ စိစစ်တင်ပြ သွားရန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


