မိုင်းဖြတ် ၂ နိုဝင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီက မိုင်းဟဲကျေးရွာအုပ်စု ဘိုရှီး ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အေးမင်းဦးက သင်တန်းသားများ သင်တန်းတွင်ပို့ချပေးသော သင်ခန်းစာများနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို လေ့လာမှတ်သား သင်ယူပြီး မိမိရပ်ရွာဒေသတွင် ပြန်လည်အသုံးချနိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြေားကြားခဲ့သည်။
ဆက်လက်၍ ပြန်လည်ထူးထောင်ရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ နိုင်ငံတော်မှ မူးယစ်ဆေးဝါးစွဲ လူငယ်များအတွက် မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်ပေးနေပါကြောင်း၊ ယခုဖွင့်လှစ်တဲ့ သင်တန်းဟာ မူးယစ်ဆေးစွဲလူငယ်များရဲ့ ဘဝအတွက် တကယ့်အရေးပါတဲ့ သင်တန်းဖြစ်ပါကြောင်း၊ ကျွန်တော်တို့အနေနဲ့ မျိုးဆက်သစ်လူငယ် တွေကို လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးအန္တရာယ်မှ တားဆီးကာကွယ်ပေးရန်နှင့် မူးယစ်ဆေးသုံးစွဲ သူများကိုလည်း မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် တစ်နိုင်ငံလုံးအနေနှင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်နောက် ဘိုရှီးကျေးရွာမှ ဒေသခံပြည်သူ ဦးလောတာက ယခုလို သင်တန်းဖွင့်လှစ်ပေးခဲ့သည့်အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အတွက် အလှူငွေနှင့်စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အလှူငွေ ကျပ်နှစ်သိန်းကိုလည်းကောင်း၊ မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလှူငွေ ကျပ်ငါးသောင်းကိုလည်းကောင်း၊ နေမင်းရောင်ဖွံ့ဖြိုးရေးအသင်းမှ အလှူငွေကျပ် ငါးသောင်းကို လည်းကောင်း၊ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အေးမင်းဦးက စာသောက်ဖွယ်ရာများကိုလည်းကောင်း အသီသီးပေးအပ်လှူဒါန်းကြရာ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာမျာကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၁၀ရက်နေ့အထိ သင်တန်း သား ၃၀ အား ကုသရေးဦးစီးဌာနမှ ဆေးဖြတ်ကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသိပညာများ ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် ပိုးဇာပုံနှိပ်အတတ်ပညာ၊ ပလောက်အုတ် အတတ်ပညာ၊ ဘက်စုံဆပ်ပြာဆီလုပ်ငန်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ အမှတ်(၁၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ပြန်လည်ထူးထောင်ရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်အောင်နှင့် ဝန်ထမ်းများ၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးအားကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နမ့်ယွန်းပြည်သူ့စစ်အဖွဲ့ဝင်များ၊ သင်တန်းသားများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်း အင်အား ၁၇၀ ခန့် တက်ရောက်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


