မိုင်းဖြတ် ၅ မေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများ ပူးပေါင်း၍ ၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ရာသီတွင် မြို့နယ် အတွင်းရှိ စပါးစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များ ပြောင်းလည်းစိုက်ပျိုးနိုင်ရေးအတွက် ဆင်းဧကရီ -၃ မျိုးသန့် မျိုးစေ့များကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း မေလ ၅ရက်နေ့က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ယခုအခါ မိုးစတင်ရွာသွန်းလာသည်နှင့်တစ်ပြိုင်တည်း တောင်သူများ မိုးစပါးကို ပျိုးထောင်လာကြ ပြီဖြစ်ရာ တောင်သူများလိုအပ်လျှက်ရှိသော မျိုးကောင်းမျိုးသန့်များကို ဝယ်ယူရရှိနိုင်ရေးအတွက် အကျိုးဆောင်တောင်သူများထံမှ မျိုးသန့်မျိုးစေ့များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှစုစည်း၍ ဖြန့်ဖြူးပေး လျက်ပါသည်။
အဆိုပါ ဆင်းဧကရီ-(၃) စပါးမျိုးအား မြို့နယ်အတွင်း လယ်ယာဧကပေါင်း ၁၆၀ဝ၀ကျော်ရှိရာမှ တောင်သူ အများစုမှာ ဆင်းဧကရီမျိုးစပါးကို ၇၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးကြသည့်အပြင် သတ်လတ် စပါးမျိုး ဖြစ်သည့်အတွက် စိုက်ပျိုးချိန်တိုတောင်းပြီး ဒေသအတွင်း အထွက်နှုန်းကောင်း၍ ဈေးကောင်းရရှိသော စပါးမျိုးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်ထံမှ သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


