မိုင်းဖြတ်၊ ဧပြီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်-မိုင်းယောင်းသွား မိုင်တိုင်အမှတ် (၁၆/၁၇) ကီလိုမီတာအကြား၌ ယနေ့နံနက် ၉ နာရီခန့်က (Vigo) အမျိုးအစား အိမ်စီးမော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားပြီး သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုရဲမှူး မြင့်မောင်၊ ဒုရဲအုပ် ရန်လင်းနောင်နှင့် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မိုင်းဖြတ်ဘက်မှ မိုင်းယောင်းဘက်သို့ ယာဉ်မောင်း အိုက်ဟုံ (၅၁)နှစ်၊ တာချီလိတ်မြို့နယ်၊ လွန်းကျိုင်းရွာနေသူ မောင်းနှင်လာသော Vigo (အဖြူရောင်) အမျိုးအစား ယာဉ်အမှတ် (SHN/---) (လိုင်စင်စိစစ်ဆဲ)သည် နမ့်နန်း(ရှမ်း)ရွာအနီး အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ခြမ်း အနက်ပေ (၂ဝ)ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၅)ဦး စုစုပေါင်း(၆)ဦးအနက် အမျိုးသမီးသမီး (၁)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ကျန်(၅)ဦးအား မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် အမျိုးသမီး (၂)ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ ကျန် (၃)ဦးမှာ ဒဏ်ရာများ(စိုးရိမ်ရ)ရရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သတ်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အိုက်ဟုံအား မိုင်းဖြတ်မြို့မှရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေကို(မိုင်းဖြတ်)