မိုင်းဖြတ် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့နည်းပပျောက်စေရေးအတွက် အထူးစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများသို့ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးပေးလျက်ရှိရာ နိုဝင်ဘာ ၁၂ ရက်က ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် Covid-19 Fever Clinic မှ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများ၊ မိုင်းဖြတ်လူမှုရေးကူညီမှုအသင်းဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အဖွဲ့သုံးဖွဲ့ ခွဲပြီး ပါပူးကျေးရွာ၊ ပါထွန်၊ ဝမ်လွေ၊ ဝမ်လုံးကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးပေးခဲ့ရာ ပါပူးကျေးရွာတွင် စစ်ဆေးသူ ၁၇၆ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၁၅ ဦး၊ ပါထွန်ကျေးရွာနှင့် ဝမ်လွေကျေးရွာတို့တွင် စစ်ဆေးသူ ၇၇ ဦးအနက် ရောဂါပိုး တွေ့ရှိသူ သုံးဦး၊ ဝမ်လုံးကျေးရွာ၌ စစ်ဆေးသူ ၃၅ ဦးအနက် ရောဂါပိုးတွေ့ရှိသူတစ်ဦး စစ်ဆေးသူစုစုပေါင်း ၃၀၄ ဦး၌ ရောဂါပိုးတွေ့ရှိသူ ၁၉ ဦး စစ်ဆေးတွေ့ရှိခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ ဇူလိုင် ၁ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုစစ်ဆေးတွေ့ရှိသူ စုစုပေါင်း ၉၁၂ ဦးနှင့် သက်သာပျောက်ကင်းလာသူ ၇၄၃ ဦး၊ ဆေးကုသမှု ခံယူနေသူ ၁၅၉ ဦးနှင့် သေဆုံးသူ ၁၀ ဦးရှိကြောင်း သိရသည်။
သန်းထွန်းအေး


