မိုင်းဖြတ် ၃ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် ပါလောင်းကျေးရွာအနီး နမ့်ဝချောင်းပေါ်ရှိ သစ်ဆူးပင်ရေလွှဲဆည်သည် ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေလွှဲဆည်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် (၁၄၅)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေမျာကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီခွဲတွင် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ရေလွှဲဆည်၏ အမျိုးအစားမှာ ကျောက်ပန်းရံ၊ သံကူကွန်ကရစ် အမျိုးအစားနှင့် ရေလွှဲဆည်အကျယ် ၁၀၅ ပေ၊ အလျား ၇၁ ပေ၊ အမြင့် ၃ ပေရှိ (Check Drop Structure)ဖြစ်ပြီး ကျေးရွာအုပ်စုအတွင်းမှာရှိသည့် ပါလောင်း၊ ပါညု၊ နမ့်ကုန်း၊ နမ့်လန်း စသည့် ကျေးရွာများမှ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးများ ပြည့်ဝစွာရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


