မိုင်းဖြတ် ၂၉ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကုန်းမြင့်လယ်ယာဦးစီးဌာနမှ အိုက်လုံကျေးရွာအုပ်စု၊ ဟာကြားမုဒိကျေးရွာ၌ ကျေးရွာနေတောင်သူလယ်သမားများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရ၏ခွင့်ပြုရန်ပုံငွေ ကျပ်(၆၇.၆၂)သန်းဖြင့် ကုန်းမြင့်လယ်ယာ ဧက(၆၀)ကို တူးဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၆၇.၆၂)သန်းဖြင့် နမ့်ယွန်းတောင်ပေါ်ကုမ္ပဏီမှ အင်ဂျင်နီယာ ဦးအောင်ရဲကျော်က ကြီးကြပ်၍ တာဝန်ယူဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကုန်းမြင့်လယ်ယာများ ဆောင်ရွက်ရာလုပ်ငန်းခွင်သို့ ယနေ့နံနက်ပိုင်းက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ကော်မတီဝင်များက ဆောင်ရွက်ပြီးစီးမှုနှင့် လိုအပ်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါ ကုန်းမြင့်လယ်ယာ ဧက(၆၀)ကို တူးဖော် ဆောင်ရွက်ပြီးစီးပါက ဟာကြားမုဒိကျေးရွာမှ တောင်သူလယ်သမား ၃၇ဦးတို့က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဆင်ပြေစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


