မိုင်းဖြတ် ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဇူလိုင် ၁၉ ရက်မှစတင်၍ အဆက်မပြတ် မိုးရွာသွန်းရာ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုဖြစ်၍ ဝမ်လုံးကျေးရွာအုပ်စု၊ ယန်းခမ်းကျေးရွာ၊ မိုင်းဖြတ် ကျေးရွာအုပ်စု၊ ဝမ်နောင်ကျေးရွာ၊ မိုင်းဟဲကျေးရွာအုပ်စု၊ တုံလုံကွင်း၊ တုံလုံ၊ ဟိုခန့်၊ ဝမ်ကပ်ကျေးရွာများရှိ လယ်ယာနှင့် သီးနှံ၊ ဟင်းသီးဟင်းရွက် စိုက်ခင်းအချို့ ရေလွှမ်းခြင်းနှင့် ရေတိုက်စားပျက်စီးခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆက်မပြတ် မိုးရွာသွန်းသဖြင့် တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုဖြစ်၍ ဝမ်လုံးကျေးရွာအုပ်စု၊ ယန်းခမ်းကျေးရွာတွင် စပါးစိုက်လယ်(၁၀) ဧကခန့်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဝမ်နောင်ကျေးရွာတွင် စပါးစိုက် လယ်(၁၀) ဧကခန့်၊ ဟင်းသီးဟင်းရွက်စိုက်ခင်းဧက (၁၀၀) ခန့်၊ မိုင်းဟဲကျေးရွာအုပ်စု၊ တုံလုံကွင်းရှိ တုံလုံ၊ ဟိုခန့်၊ ဝမ်ကပ်စသည့် ကျေးရွာများတွင် စပါးစိုက်လယ် (၅၁)ဧကခန့်၊ မိုင်းဖြတ်မြို့နယ်အတွင်း စုစုပေါင်း စပါးစိုက်လယ် (၇၁)ဧကခန့်နှင့် ဟင်းသီးဟင်ရွက်စိုက်ခင်းဧက (၁၀၀)ခန့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်ယာနှင့်သီးနှံ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းအချို့ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေတိုက်စားမှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များသည် ဇူလိုင် ၂၁ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ပျက်စီးဆုံးရှုံးမှု နှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ထောက်ပံ့ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှောလမွန် (မိုင်းဖြတ်)


