မိုင်းဖြတ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဇူလိုင်လ ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၇၀၉ နှင့် ၇၁၀) ကီလိုမီတာကြားတွင် ၁၂ ဘီးယာဉ်တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ လူနေအိမ်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံ-တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၇၀၉/၇၁၀) ကီလိုမီတာအကြားတွင် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ ယာဉ်မောင်း ဆန်းလင်းထွေး (၂၂)နှစ်၊ ဝမ်းတွင်းမြို့နယ်၊ ဘုရားဖြူကျေးရွာတွင်နေထိုင်သူ မောင်းနှင်လာသော Fuso(အဖြူရောင်)၊ (၁၂)ဘီးယာဉ် အမှတ်(4L/----)သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပလက်ဖောင်းအား ဝင်ရောက်တိုက်မိပြီး ပလက်ဖောင်းပေါ် ထပ်မံကျော်တက်၍ အနီးရှိ ဦးလုံးစော၏နေအိမ်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်၍ လမ်းဘေးပလက်ဖောင်းနှင့် နေအိမ်အား ဝင်ရောက်တိုက်သူ ယာဉ်မောင်း ဆန်းလင်းထွေးအား မိုင်းဖြတ်မြို့မရဲစခန်းက ယာဉ်(ပ) ၉/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ-၂၇၉ ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ရွှေကို(မိုင်းဖြတ်)
