မိုင်းဖြတ် ၂၂  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် လားဟူစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ စီစဉ်ကျင်းပသည့် ၂၀၂၀ခုနှစ်၊ (၂၈)ကြိမ်မြောက် စုပေါင်းလားဟူရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၁ရက်မှ ၂၃ရက်နေ့အထိ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဇန်နဝါရီ ၂၂ရက်နေ့ နံနက် ၁၀နာရီမှစ၍ လားဟူတိုင်းသားတို့၏ ရိုးရာအကပြိုင်ပွဲများ၊ ရိုးရာဒိုးစေ့ပစ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

 

ရိုးရာအကပြိုင်ပွဲတွင် လားဟူတိုင်းရင်းသားရိုးရာအကဖြစ်သည့် ထင်းရှုးပင်ကို ဝိုင်းဖွဲ့ကကြသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း သရုပ်ဖော်အကများ၊ ခေတ်ပေါ်အကပြိုင်ပွဲများနှင့် ရိုးရာကစားနည်းဖြစ်သည့် ဒိုးစေ့ပြစ်ပြိုင်ပွဲများကို မြို့ပေါ်ရှိ ရပ်ကွက်များနှင့် တောင်ပေါ်ဒေသ ကျေးရွာများမှ လားဟူတိုင်းရင်းသားများက အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် အဖွဲ့များကို ဇန်နဝါရီ ၂၃ရက်နေ့ည ဆုပေးပွဲအခမ်းအနားတွင် ဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)