မိုင်းဖြတ် ၂ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် စာပေချစ်သူများအဖွဲ့တို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Cenre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် “လွတ်လပ်ရေး၏ အနှစ်သာရ ထိန်းသိမ်းကြ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက် အမှတ်ပေးဒိုင် ဦးစိုးထက်မှ ပြိုင်ပွဲဝင် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မောင်သင်းဝေ ရေးသားသည့် “လွတ်လပ်ရေးနေ့ တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပုံပြောပြိုင်ပွဲတွင် တိုင်းလုံ စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ရေးသာပြုစုသည့် “စိတ်ထားကောင်းကြမယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်စေခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့က အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပြိုင်ပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများ၊ စာအုပ်ပြပွဲများကို တက်ရောက်လာကြသည့် Book Club၊ Women Club၊ Youth Club အဖွဲ့ဝင်များ၊ မိဘများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)