မိုင်းဖြတ်  ၂၉  မေ 

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အစားထိုးသီးနှံနှစ်ချင်း သီးနှံမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၉ရက် မွန်းတည့် ၁၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က အမှာစကားပြောကြားသည်။ 

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က အစားထိုးသီးနှံ နှစ်ချင်းသီးနှံမျိုးစေ့နှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်တို့က  မိုင်းတင်း၊ လန်းဆတ်၊ ဟွေရှို၊ နမ့်ပန်၊ နမ့်နန်းအုပ်စုအတွင်းရှိ ကျေးရွာများအတွက် ထောပတ်ပျိုးပင်၊ ကော်ဖီပျိုးပင်၊ နယူးဧရာစပါးမျိုးနှင့် သွင်းအားစုများကို ဧက ၅၀ အတွက် အသီးသီး ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

 သန်းထွန်းအေး(ပြန်/ဆက်)