မိုင်းဖြတ် ၃၀ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူထွန်းနှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၉ရက် မွန်းလွဲ ၁နာရီက မိုင်းဖြတ်အုပ်စု၊ ဆွပ်ပလောင်းကျေးရွာ အ.မ.က စာသင်ကျောင်း၌ CHINA FOUNDATION FOR POVERTY ALLEVIATION (CFPA) မြန်မာရုံးအဖွဲ့မှ ချို့တဲ့ကျောင်းများသို့ ထောက်ပံ့လှူဒါန်းသည့် ပန်ဒါမြေမှ မေတ္တာအိတ်ထုတ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူထွန်းက အမှာစကားပြောကြားပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက (CFPA) မြန်မာရုံးအဖွဲ့မှ ပေးအပ်လှူဒါန်းသည့် ပန်ဒါမြေမှမေတ္တာအိတ်ထုတ်များကို အ.မ.က (ဆွပ်ပလောင်း)ကျောင်းရှိ KG တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား၊ ကျောင်းသူ ၆၂ ဦးကို ပေးအပ်ခဲ့သည်။
ပန်ဒါမြေမှ မေတ္တာအိတ်ထုတ်များတွင် ကျောင်းသင်ထောက်ကူ ပစ္စည်းများဖြစ်သည့် လွယ်အိတ်၊ စာရေးကိရိယာများ ခြောက်မျိုး၊ ပန်းချီဆွဲပစ္စည်းများခြောက်မျိုး၊ အောင်မြင်ခြင်းအထိမ်းအမှတ်အရုပ် နှစ်မျိုး၊ အခြားလိုအပ်သော အထောက်အပံ့များသုံးမျိုး စုစုပေါင်း ၁၈ မျိုးပါဝင်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)