မိုင်းဖြတ် ၁၁ ဇန်နဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ၅ရွာကို ရေးပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက်တာများ၊ တာဝန်ရှိသူများက ဆောင်ရွက်ခွင့်ရရှိသည့် ကျေးရွာနှင့်ကုမ္ပဏီအမည်များကို မိတ်ဆက်ခဲ့သည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ရေရရှိရေးလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့မြို့နယ်အတွင်း ကျေးရွာအချို့တွင် သောက်သုံးရေရရှိရသည့်အတွက် များစွာဝမ်းသာပါကြောင်း၊ ကျေးရွာများတွင် ရေရရှိဖို့အတွက် အထောက် အကူပြုမည့် ကုမ္ပဏီများဖြစ်စေရန် မျှော်လင့်ပါကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးရှိရှိနှင့် ဆောင်ရွက်ပြီး ကျေးရွာနှင့်ကုမ္ပဏီနှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ 

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းတို့က ရေပေးဝေရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အသွေးရှိရှိနှင့် ရေရှည်တည်တံ့အောင် အချိန်မီဆောင်ရွက်နိုင်ရေးတို့အတွက်  ဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီမှတာဝန်ရှိသူများအား  ရှင်းလင်းမှာကြားခဲ့သည်။

 

‌ေ

 

အဆိုပါ ရေပေးဝေရေးလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင်  ဟိုနမ့်ထိုက်ကျေးရွာတွင်  Focus Connect ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေကျပ် ၃၆.၅ သန်းဖြင့်လည်းကောင်း၊   တာမကျေးရွာတွင် DNT ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၃၂.၆၅၅ကျပ်သန်းဖြင့်လည်းကောင်း၊   ခတ်တန်ကျေးရွာတွင်  Focus Connect ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ  ၃၆.၅ သန်းဖြင့်လည်းကောင်း၊   နမ့်ဝိုးထောင်ကျေးရွာတွင် ရိုးမအလင်းတန်း ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ  ၂၈.၈၁ကျပ်သန်း ဖြင့်လည်းကောင်း၊ ကချင်စံပြကျေးရွာ မင်းမြန်မာထွန်းကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ၃၆.၅ ကျပ်သန်းဖြင့်လည်းကောင်း အသီးသီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)