မိုင်းဖြတ် ၁၇ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ ရပ်မိရပ်ဖများက ဆောင်ရွက်မည့်နေရာ၏ မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများသည် ပါးပူးကျေးရွာတွင် ဆောင်ရွက်ပေးမည့် မြေပြင်အခြေအနေများကိုလည်းကောင်း၊ ပါညုကျေးရွာတွင် ဆောင်ရွက်မည့် မြေပြင်အခြေအနေများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက တောင်သူများ၏ အမှန်တကယ် အကျိုးပြုနိုင်ရေး၊ နေရာအတည်ပြု ရရှိနိုင်ရေးတို့ကို ပြောကြားခဲ့သည်။
အဆိုပါ ချောင်းပိတ်မြောင်းပိတ်ဆည်များကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် (၁၂)သန်းဖြင့် နမ့်ပေါချောင်းမှ ပါဆန်းရွာ၊ နမ့်ဖက်ချောင်းမှ ပါထွန်ရွာနှင့် ပါညုရွာအတွက် နှစ်နေရာ၊ ပါပူးရွာ၊ ဝမ်လုံးရွာ စုစုပေါင်း ၆ နေရာတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


