မိုင်းဖြတ် ၂၀ နိုဝင်ဘာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ကျေးရွာ(VDP)၊ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ရာ နိုဝင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျေးရွာရွေးချယ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုတက်ရေး ဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ၏ ရည်ရွယ်ချက်များနှင့် စီမံကိန်းကျေးရွာ ရွေးချယ်သတ်မှတ်ရာတွင် စံနှုန်းများဖြင့် ရွေးချယ်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက လုပ်ငန်းများဆောင်ရွက်ရာမှာ အမှန်တကယ် ဖွံ့ဖြိုးမှုများ လိုအပ်သည့် ကျေးရွာများကို သတ်မှတ်စံနှုန်းများဖြင့် စိစစ်ရွေးချယ်နိုင်ရေး၊ ဖွံ့ဖြိုးမှုများကို ကျေးရွာများ အားလုံး တပြေးညီရရှိစေရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ပုံငွေကျပ် သိန်း ၁၀ဝ ဖြင့် ကျေးရွာနေ ပြည်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင်၍ လုပ်ငန်းများတွင်စီမံခန့်ခွဲမှုများရရှိစေပြီး ကဏ္ဍ ပေါင်းစုံတွင် ပါဝင်ဆောင်ရွက် တတ်စေမည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာ(VDP)အတွက် ကျေးရွာအုပ်စု (၈)အုပ်စုမှ ကျေးရွာ ၁၅ ရွာ ကို ရွေးချယ်ခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ရောဂါ အကျိုးဆက်များကြောင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင်ရရှိ၍ မိမိတို့ကိုယ်တိုင် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပြီး လုပ်အားခများ ရရှိသည့် စီမံကိန်းဖြစ် သည့် Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မီးလင်းရေးစသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သတ်မှတ် စံနှုန်းများဖြင့် ကျေးရွာပေါင်း ၂၀ ကို စိစစ်ရွေးချယ်ခဲ့သည်။
သန်းထွန်းအေး(ပြန်/ဆက်)


