မိုင်းဖြတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး  လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

မိုင်းဖြတ် ၆   ဧပြီ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျပ် ၃၂၅၁၀ဝ၀ တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဧပြီ ၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး တော်ဝင်မိုင်းဖြတ် နဂါးဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းရွှေက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တော်ဝင်မိုင်းဖြတ်နဂါးဆောက်လုပ်ရေးကုမ္ပဏီမှ ဦးထွန်းရွှေနှင့် ဒေါ်နန်းထမ်းမိသားစုများက ပြန်ထန်အဆုပ်ရောင်ရောဂါ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်ထံ 7f-5w(Oxygen Concentrator)၂ လုံး၊ PPE Suits အစုံ ၂၀ ၊ Silcon Glovers ဗူး ၂၀ ၊  Mask   ဗူး ၄၀ ၊ Yasee ၂ လုံး၊ လက်ဆေးဘေစင် ၂ လုံး၊ စောင်နှင့်ခေါင်းအုံး အစုံ ၃၀  စုစုပေါင်း ကျပ် ၃၂၅၁၀ဝ၀ တန်ဖိုးရှိ ပစ္စည်းများနှင့် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအတွက် အောင်ထိပ်စံကုန်စုံဆိုင်မှ  အလှူရှင် ဦးသန်းအေး မိသားစုမှ သောက်ရေးသန့်နှင့်အအေး၊ ရိုးမတောင်တန်းစာသောက်ဆိုင်မှ အလှူရှင်များက မုန့်များကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။ 

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ကော်မတီဝင်များက တော်ဝင်မိုင်းဖြတ်နဂါး ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးထွန်းရွှေနှင့် ဒေါ်နန်းထမ်းမိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ခဲ့ပြီးနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်းကျောက်က ဖြည့်စွက်အမှာစကားများ ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ လှူဒါန်းပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဉီးစိုင်းကျောက် နှင့် ဦးအားကို၊ ပြန်ထန်အဆုပ်ရောင်ရောဂါ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ဖြူဖြူထွန်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကျေးစာရေးများ တက်ရောက်ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)