မိုင်းဖြတ်  ၁၈  နိုဝင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်ပြည်သူကျန်းမာရေးဦးစီး ဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၈ ရက် နံနက် ၇ နာရီခန့်က ယာယီပျံကျဈေး ၊ မြို့မဈေးတို့တွင် သွားလာနေကြသည့် မိဘပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာ ပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များအခမဲ့ဝေငှခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ   အသိပညာပေး လုပ်ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အတွင်းရေးမှူး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ယာယီပျံကျဈေးတွင် ဈေးရောင်း၊ ဈေးဝယ်မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း(Mask)များကို (အခမဲ့)ဝေငှပေးခဲ့သည်။

 

ယင်းနောက် အဆိုပါ ပူးပေါင်းအဖွဲ့သည် မြို့မဈေးနှင့် မြို့မဈေးရှေ့ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာနေသူများကို အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ (အခမဲ့)ဝေငှပေးခဲ့ပြီး အဆိုပါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဝေငှပေးခြင်းသည် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်တာဖြစ်ပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်တာဖြစ်ကြောင်း၊ ယနေ့မှာဆိုရင် နှာခေါင်းစည်း ခုရေ ၃၀ဝ၀ခန့်ကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော်ထံက သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)