မိုင်းဖြတ် ၂၁ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Grade-4 မြို့နယ်အဆင့် သင်တန်းတွင် တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(မိုင်းဖြတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွန့်က အမှာစကားပြောကြားပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်မျိုးဇော်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးကိုဆန်းက ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နေ့စဉ် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အခြေအနေများကို ထုတ်ပြန်ပေးနေမှု၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် COVID-19 Fever Clinic ဖွင့်လှစ်ထားရှိသည့် အခြေအနေများ၊ ကာကွယ်ခြင်းသည့် ကုသခြင်းထက် ပိုမိုထိရောက်နိုင်တဲ့အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ရေး၊ အသုံးပြုပြီးသည့် နှာခေါင်းစည်း (Mask)များကို စနစ်တကျစွန့်ပစ်နိုင်ရေး၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးခြင်း (သို့မဟုတ်) လက်သန့်ဆေးရည် အသုံးပြုနိုင်ရေး စသည့် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သူနာပြုဆရာမ အဆင့်-၁ ဒေါ်နန်းတစ်(ပ်)က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့် ခြင်အကြောင်း သိကောင်းစရာများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကျန်းမာရေးဝန်ထမ်းများက နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်နိုင်ရေး လက်တွေ့သရုပ်ပြသ ခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက စနစ်တကျလက်ဆေးနည်းကို သရုပ်ပြသခဲ့သည်။
အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၈၄ ကျောင်းမှ ဆရာ၊ ဆရာမ ၂၀၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


