မိုင်းဖြတ်  ၂၂   နိုဝင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မသုသာန်တွင် ငွေကျပ်သိန်း ၁၀၀၀ ခန့်တန်ဘိုးရှိ မီးသင်္ဂြိုဟ်စက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းနှင့်ဇနီး ဒေါ်ခင်သူဇာလှိုင် မိသားစု၊ ဦးစိုင်းနွန်းနှင့်ဇနီး ဒေါ်နန်းကျန်မိသားစု (ရွှေရေကန်) တို့မှ စုပေါင်းဆောက်လုပ်လှူဒါန်းရာ  အဆိုပါ မီးသင်္ဂြိုဟ်စက်သည်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် မိုင်းဖြတ်မြို့မ သုသာန်သို့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲက ရောက်ရှိပြီး တာဝန်ရှိသူမျာမှ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

မီးသင်္ဂြိုဟ်စက်ကို ကားပေါ်မှ ကရိန်းဖြင့်ချရ၍ ကရိန်းဖိုးကုန်ကျငွေကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ ပါဝင်လှူဒါန်းကြောင်းသိရှိပြီး  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်း၊ ဆောက်လုပ်လှူဒါန်းမှု ကိစ္စအဝဝကို ဆောင်ရွက်ပေးနေသည့် ဦးစိုင်းထွန်းနိုင်နှင့် တာဝန်ရှိသူများက လိုအပ်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

 

ဆောက်လုပ်လှူဒါန်းမှု ကိစ္စအဝဝကို ဆောင်ရွက်ပေးနေတဲ့ ဦးစိုင်းထွန်းနိုင်က “ကျွန်တော်တို့က စျေးတန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မပါလအရှင်သူမြတ်၏ ဦးဆောင်မှုနဲ့ ဆောင်ရွက်နေတာပါ၊ မီးသင်္ဂြိုဟ်စက်ကို ထိုင်းနိုင်ငံဘက်ကောက်မြို့မှတစ်ဆင့် တာချီလိတ်မြို့ကနေ သယ်ဆောင်လာတာပါ၊ စက်က အရမ်းကြီးမားတဲ့အတွက် သယ်လာတဲ့ကားပေါ်ကနေ ကရိန်းနဲ့အောက်ကိုချရပါတယ်၊  လက်ရှိမြေပြင်မှာ ဆောင်ရွက်နေတာက ၃၀ ရာခိုင်နှုန်းရှိပြီး နောက် ၂ လခန့်လောက်ဆိုရင်တော့ ရာနှုန်းပြည့်ပြီးစီးပါပြီ ဆောင်ရွက်တဲ့ လုပ်ငန်းအားလုံးကတော့ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၀၀၀ လောက်ကုန်ကျပါမယ် ဟု ပြောကြားသည်။

 

သန်းထွန်းအေး (ပြန်/ဆက်)