မိုင်းဖြတ်၊ ၁၃ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင်စီမံကိန်းကျေးရွာများတွင် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်များစနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေးခြင်းကို ဇန်နဝါရီ ၁၂ ရက် နံနက် ၇ နာရီခန့်က ဆွပ်ပလောင်းကျေးရွာသို့ ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဒေါ်ခင်မေလွင်က ကျေးရွာနေ ပြည်သူများအနေဖြင့် မိမိတို့ကျေးရွာတွင် အမှိုက်များ စနစ်တကျသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းဖြင့်ရရှိလာမည့် ပတ်ဝန်းကျင်သန့်ရှင်းလုပ်ငန်းများ၊ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် အမှိုက်ကင်းစင်သည့် ကျေးရွာများ ဖြစ်လာစေရေးတို့ကို အသိပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ကျေးရွာအတွင်းရှိ စုပေါင်း အမှိုက်ကောက်ခြင်း၊ စနစ်တကျစွန့်ပစ်ခြင်းနှင့် ကျေးရွာ သန့်ရှင်းရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ပန်ဝန်းကျင်သန့်ရှင်းရေးနှင့် အမှိုက်ကင်းစင်းရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်းကျေးရွာ (၂၉)ယူနှစ်မှ ကျေးရွာ (၄၆)ရွာရှိ ဆွပ်ပလောင်း၊ ဆွပ်ပန်း၊ နမ့်နန်း(ရှမ်း) စသည့် ကျေးရွာများကို ယခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြေလွင်ထံက သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


