မိုင်းဖြတ် ၂၄ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် တောမီးများ၊ တောင်ယာမီးများရှို့ခြင်းကြောင့် ဒေသတွင်း မီးခိုးမြူငွေကင်စင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၃ရက်က ဆွပ်ပန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် ဆိုက်ခေါင်ကျေးရွာ စာသင်ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မိမိတို့ဒေသများအတွင်း မီးခိုးမြူငွေ့များ ကင်းစင်ရေးအတွက် တောမီးများမရှို့စေရေး၊ ဝမ်းစာရေးအတွက် တောင်ယာစပါးများစိုက်ပျိုးရာတွင် အလှည့်ကျ စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကြောင်း သိကောင်းစရာများနှင့်ကာကွယ် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန်းထွဋ်လွင်က မြေဆီလွှာပြုန်းတီးမှုမှ ကာကွယ်နိုင်သည့် တောင်စောင်း စိုက်ပျိုးနည်းစနစ်များကို လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင် က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ မြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်လွှမ်းမိုးထွန်းက မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်း က ဦးစီးဌာန၏လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေးနှင့် စာဖတ်ခြင်းဖြင့် လူမှုဘဝဖွံ့ဖြိုးရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ မြိုနယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းက မီးဘေးလုံခြုံရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ကေခိုင်ဇော်က လမ်းမကြီးဥပဒေနှင့် သိကောင်းစရာများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီးနောက် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
သန်းထွန်းအေး(ပြန်/ဆက်)


