မိုင်းဖြတ် ၁၅ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာ ၁၃ ရက်က မိသားစုဝင်ခြောက်ဦး နံငိုအဆိပ်ပင် အရွက်နှင့်အမြစ်ကို ပြုတ်သောက်ရာမှ လေးဦးသေဆုံးပြီး အသက်ရှင်ကျန်ရှိခဲ့သည့် ကျောင်းသားနှစ်ဦးအား ပညာရေးဝန်ထမ်း(GEC)အသင်းမှ ထောက်ပံ့ငွေ ကျပ်(၂)သိန်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆေးကုသမှုခံယူနေသည့် မြို့နယ်ပြည်သူ့ဆေးရုံတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်ပညာရေးမှူး ဦးစိုင်းသန်းလူနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က ပညာရေးဝန်ထမ်း(GEC)အသင်းမှ ချို့တဲ့ကလေးများ ပံ့ပိုးရေးရန်ပုံငွေမှ ကျပ် ၂ သိန်းကို ဆဌမတန်းကျောင်းသူ မနောမိနှင့် တတိယတန်းကျောင်းသား မောင်ဆီလှ မောင်နှမနှစ်ဦးထံ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ပညာရေးမှူး ဦးစိုင်းသန်းလူနှင့် အ.ထ.က(မိုင်းဖြတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်တို့က အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


