မိုင်းဖြတ်  ၂၅ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျေးရွာနေပြည်သူများ စိုက်ပျိုးရေရရှိရေးအတွက် ရေလွှဲဆည်များ တည်ဆောက်ပေးလျက်ရှိပြီး ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၁၃၅ သန်းဖြင့် ဆောင်ရွက်သည့် အလျား ၁၀၁ ပေ၊ အနံ ၈၀ ပေ၊ အမြင့် ၄ ပေရှိ ဆိုင်ဆတ်ရေလွှဲဆည် တည်ဆောက်ခြင်း၊ ရေသွယ်မြောင်း ပြုပြင်ခြင်းလုပ်ငန်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ် သာမန်ခွင့်ပြုရန်ပုံငွေကျပ် ၁၂ သန်းဖြင့် အလျား ၅၆ ပေ၊ ထိပ်ဝအကျယ် ၁ ပေခွဲ၊ အောက်ခြေ ၄ ပေခွဲ၊ အမြင့် ၇ ပေ ၉ လက်မရှိ ဝမ်ပုံကျေးရွာအနီး ဝမ်ပုံချောင်း ရေလွှဲဆည်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို  စစ်ဆေးခဲ့သည်။

 

အဆိုပါ ရေလွှဲဆည်များ ဆောင်ရွက်ပြီးစီးပါက ဆိုင်ဆက်ရေလွှဲဆည်တွင် ဆိုင်ဆတ်၊ တာမ၊ ခတ်တန်၊ နမ့်ကုန်း စသည့်ကျေးရွာရှိ စိုက်ပျိုးမြေ ဧက ၄၀၀ ကျော်နှင့် ဝမ်ပုံရေလွှဲဆည် ဆောင်ရွက်ပြီးစီးပါက စိုက်ပျိုးမြေ ဧက ၄၀ ကျော်တို့မှ စိုက်ပျိုးရေများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)