မိုင်းဖြတ် စက်တင်ဘာလ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသည့် Oxygen အိုးများနှင့် မိုင်းဖြတ်တပ်နယ်မှ ထောက်ပံ့ပေးအပ်သည့် စားသောက်ကုန် များကို ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးကူညီမှုအသင်းသို့ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို စက်တင်ဘာ ၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက ကျန်းမာရေးဝန်ထမ်းများနှင့် မိုင်းဖြတ်လူမှုရေးကူညီမှုအသင်းသို့ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက ဆန်(၂၄)ပြည်ပါ ၂၀အိတ်၊ ကြက်သွန်နီ ပိဿာချိန်(၁၅၀)၊ ဆီပိဿာချိန် (၂၀)၊ ကြက်ဥ အလုံး(၁၀၀၀)၊ ခေါက်ဆွဲခြောက်အထုပ်(၂၄၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ရဲခေါင်နှင့် မိုင်းဖြတ်လူမှုရေးကူညီမှုအသင်း နာယက(၁) ဦးထွန်းရွှေတို့က လက်ခံရယူခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ လှူဒါန်းသည့် Oxygen (၄၀)လီတာအိုး အလုံး ၂၀နှင့် Oxygen Flow Meter (၁၀)ခုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က လွှဲပြောင်းပေးအပ်ခဲ့ရာ ဒေါက်တာ ရဲခေါင်နှင့် မိုင်းဖြတ်လူမှုရေးကူညီမှုအသင်း နာယကတို့က လက်ခံရယူခဲ့သည်။ ယင်းနောက် မိုင်းဖြတ်လူမှုရေးကူညီမှုအသင်း နာယက(၁) ဦးထွန်းရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး


