မိုင်းဖြတ်   ၁၄   မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပေါ်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းကို မေ ၁၄ ရက် နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းက ဈေးတန်းကွက်သစ်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဌက်ဖျားအင်စပက်တော် ဦးဆန်းနွဲ့၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းခင်ပပကျော်၊ သားဖွါးဆရာမ ဒေါ်မာဂါဒလတို့ ဦးဆောင်သည့်အဖွဲ့က ဈေးတန်းကွက်သစ်ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ သုံးရေကန်များ၊ အိမ်နီးနားဝန်းကျင်များတွင် ပိုးလောက်လန်းများ ရှင်သန်ပေါက်ဖွားမှု မရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကိုဆောင်ရွက်ပြီး မိသားစုဝင်များ အသုံးပြုသည့် သောက်သုံးရေကန်များကို အဘိတ်ဆေးများခတ်ပေးခြင်း၊ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့အတူ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)