မိုင်းဖြတ် ၁၅ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် တစ်နှစ်ကျော်ကြာ လူကုန်ကူးမှုခံရသည့်အမျိုးသမီး ငယ်နှစ်ဦးအား ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများက မိဘများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
လူကုန်ကူးခံရသည့် မနာလောနှင့် မနာနူးတို့အား တရုတ်နိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တစ်ဆင့် မူဆယ်မြို့ အမှတ်(၁၇)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တာဝန်ရှိ သူများထံ ဇွန် ၃၀ ရက်က လွှဲပြောင်းခဲ့ပြီး ဆန်ထန်းမြို့မှတစ်ဆင့် ချင်းရွှေဟော်-မူဆယ်မြို့အထိ ပို့ဆောင်ခဲ့ကြောင်း၊ ဇူလိုင် ၁ ရက်က မူဆယ်မြို့နယ်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာ၌ လွှဲပြောင်းလက်ခံထားခဲ့ပြီး ဇူလိုင် ၁၃ ရက်က မူဆယ်မှ လားရှိုးသို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယောသပ်၏ စီစဉ် ဆောင်ရွက်မှုဖြင့် ဇူလိုင် ၁၄ ရက်က လားရှိုး-တာချီလိတ် မန်းရတနာပုံလေကြောင်းဖြင့် စီးနင်း လိုက်ပါခဲ့ပြီး မိုင်းဖြတ်မြို့နယ်၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ ဥက္ကဋ္ဌ ဦးဘာနဘက သွားရောက် ကြိုဆိုခဲ့ကာ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိပ်(၁) တာချီလိတ်သို့ ပို့ဆောင်ပေးခဲ့ကာ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ အဆိုပါ အမျိုးသမီးငယ်နှစ်ဦးအား မြို့နယ် အဆင့် တာဝန်ရှိသူများက မနာလောအား ၎င်း၏ ဖခင်ထံနှင့် မနာနူးအား ၎င်း၏ မိခင်ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မိမိတို့နေအိမ်တွင် (၂၁)ရက် သွားလာကန့်သတ်နေထိုင်စေကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးငယ်နှစ်ဦးသည် ၂၀၁၉ ခုနှစ် မေလ ၂ ရက်က မသမာသူများ၏ သွေးဆောင်မှုကြောင့် မိုင်းဖြတ်မြို့နယ် ပါယောင်း(၁)ကျေးရွာမှ မိုင်းယောင်း-မိုင်းယုမှတစ်ဆင့် ကျင်းယဲန်း-မိုင်းလုံး- တရုတ်နိုင်ငံ ဆန်ထန်းမြို့သို့ ခေါ်ဆောင်ကာ လူကုန်ကူးမှုခံရခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


