မိုင်းဖြတ် ၂၈ အောက်တိုဘာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာ၊ ပါဆန်း ကျေးလက်ကျန်းမာရေးဌာနမှ ကျေးလက်ကျန်းမာရေးမှူး ဦးဘုန်းမော်နှင့် ဝန်ထမ်းများသည် အောက်တိုဘာလ ၂၇ရက် နံနက် ၉နာရီက နမ့်လောက်ကျေးရွာအုပ်စုမှ ဝေးလံခေါင်ပါး ကျေးရွာများဖြစ်သည့် ဖားပေ့ကျေးရွာနှင့် ပန်ကြု(အပေါ်) ကျေးရွာများရှိ ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို (အခမဲ့) ကွင်းဆင်းဆောင်ရွက် ကုသပေးခဲ့သည်။
ထိုသို့ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကုသဆောင်ရွက်ပေးရာ တွင် ပါဆန်း ကျေးလက်ကျန်းမာရေးဌာနမှ ကျေးလက်ကျန်းမာရေးမှူး ဦးဘုန်းမော်နှင့် ဝန်ထမ်းများက ဖားပေ့နှင့် ပန်ကြူ(အပေါ်)ကျေးရွာမှ ကျေးရွာနေပြည်သူများကို သွေးလွန် တုပ်ကွေး၊ရာသီတုပ်ကွေး၊ ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ရောဂါ လက္ခဏာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာများရှိ သောက်သုံး ရေကန်များတွင် ပိုးလောက်လန်းများ မပေါက် ပွားစေရေး၊ ယင်လုံအိမ်သာသုံးစွဲရေးတို့ကို အသိပညာပေးခဲ့သည်။
ဆက်လက်၍ အဆိုပါကျေးရွာနှစ်ရွာမှ ကျေးရွာနေပြည်သူများကို လိုအပ်သည့်ကျန်းမာရေး စောင့် ရှောက်မှုများကို(အခမဲ့)စပ်သပ်ကုသပေးခဲ့သည်။ ထို့နောက် အသက်၅နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်မျာကို ပြင်းထန်အဆုပ်ရောင်ရောဂါ၊ ပိုလီယို၊ ငါးမျိုးစပ်ကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး မွေးစာရင်းများကိုလည်း မိခင်များလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


