မိုးနဲ ၂၄ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့ မိုင်းပန်-လုံကြိမ် ကျေးရွာအဝင် ကွန်ကရစ် တံတားဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက အဆိုပါ တံတားနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်နှင့် ဦးစိုင်းအောင်ခမ်း တို့က တံတားမုဒ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ တံတားအား ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ် (မူလ) ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၀၈ သန်းဖြင့် လင်းခေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။
တံတားအရှည် ပေ ၄၀ ၊ အကျယ် ၁၈ ပေ ၊ အမြင့် ၁၄ ပေနှင့် တံတားခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။
တံတားတည်ဆောက်သည့်အတွက် ကျေးရွာနေပြည်သူများကို တိုက်ရိုက် အကျိုးပြုမည့်အပြင် ကုန်းကျိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်မည့် တံတားတစ်စင်း ဖြစ်ကြောင်းလည်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


