မိုင်းပန်၊ ၈ ဇန်နဝါရီ
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်တွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား ၇၉ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် သုံးသောင်းစီကို ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီမှစ၍ တာဝန်ရှိသူများက နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နန်းငင်းလိန်နှင့် ဝန်ထမ်းများက ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် မိုင်းပန်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်၊ ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ဘိုးဘွား ၇၉ ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၃၇ဝဝဝဝ အား အသီးသီး သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ ဖြစ်သည့်အတွက် အသက် ၁ဝဝ နှင့်အထက် သက်ကြီးရွယ်အိုများအား ထပ်ဆောင်းထောက်ပံ့ငွေကျပ် သုံးသောင်းစီကို အသက် ၁ဝဝ ကျော်သည့် အဘိုးနှစ်ဦးအား ထပ်ဆောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်းမြင့် (ပြန်/ဆက်)


