မောက်မယ် ၆ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုင်းပန်မြို့အထွက်မှ နောင်ဟီး ကျေးရွာအုပ်စု၊ နောင်လုံရွာသို့ ဆက်သွယ်သွားရောက်နိုင်သည့် ကျောက်ချောလမ်း(၂/၀) မိုင်အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၀ပြည့်နှစ်နိုဝင်ဘာလမှစတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းမှာ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက် မည့်လမ်းပိုင်းဖြစ်ပြီး မိုင်းပန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါသော မိုင်းပန်−နောင်လေ−မိုက်ပုတ်(ပန်ပိ)−ဝမ်မုတ်−ပန်တဝိ−ဝမ်မတ် (၃၆/၀)မိုင်ရှည်လျားသော လမ်း၏ အစိတ်အပိုင်းတွင် ပါဝင်သောလမ်းဖြစ်သည်။
ထိုကဲ့သို့ ကတ္တရာလမ်း(၂/၀)မိုင် ဆောင်ရွက်ပေးခြင်းဖြင့် မိုင်းပန်မြို့နယ်နှင့် တစ်ဆက်တည်း တည်ရှိသော ညောင်ခမ်း၊ နောင်လုံ၊ နောင်လွန်းကျေးရွာများမှ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး လျင်မြန်လွယ်ကူစေပြီး ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးကျေးဇူးများရရှိလာမည် ဖြစ်ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)


