မိုင်းပန် ၊ ၂၄ ဒီဇင်ဘာ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းသည့် စားဆီသန့်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် ကုန်းကျိုင်းကျေးရွာအုပ်စု၊ တောင်သူဦးနေမျိုးအောင်၏ ယာမြေစိုက်ခင်းတွင် ရေဆင်း(၁) စပ်မျိုးနေကြာ (ဆီနေကြာ)အား စံပြကွက်အဖြစ် စိုက်ပျိုးရေးဦးစီးဌာန၏ ချမှတ်ထားသည့် စိုက်နည်းစနစ်အတိုင်း စိုက်ပျိုးအောင်မြင်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကုန်းကျိုင်းကျေးရွာအုပ်စု၊ တောင်သူဦးနေမျိုးအောင်၏ ယာမြေစိုက်ခင်း တစ်ဧကတွင် စက်တင်ဘာလ (၁၃) ရက်နေ့က စတင်၍ ရေဆင်း(၁) စပ်မျိုးနေကြာ(ဆီနေကြာ)အား ဆောင်းသီးနှံအဖြစ် စတင်စိုက်ပျိုးခဲ့ပြီး တန်းကြား (၂ပေ)၊ ပင်ကြား (၉ လက်မ) ဖြင့် တစ်ကျင်းလျှင် (၂) စေ့နှုန်း၊ မျိုးစေ့အတိမ်အနက် (၁.၅ မှ ၂) လက်မ ထား၍ စိုက်ပျိုးခဲ့ ပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ချမှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာအလေ့ကျင်းကောင်းများနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပြီး (၃) လအကြာ နေကြာပွင့်၏ ပွင့်ခံရွက်အုံ အညိုရောင်သမ်းလာသည့်အချိန် ဒီဇင်ဘာ ၂ဝ ရက်နေ့တွင် နေကြာပင်များအား ရိတ်သိမ်းခဲ့ပြီး (၃) ရက်ခန့် နေလှမ်းပြီးနောက် ခြွေလှေ့ခဲ့ကြောင်းနှင့် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း (၅ဝ) ကျော် ထွက်ရှိခဲ့ကြောင်း သိရသည်။ နေကြာစေ့များအား မိုင်းပန်မြို့တွင်းတွင် ဆီကြိတ်သွားမည်ဖြစ်ပြီး (၁) တင်းလျှင် ဆီ (၃) ပိဿာခန့် ထွက်ရှိမည်ဟု သိရသည်။
မိုင်းပန်မြို့နယ်တွင် ဆီနေကြာစိုက်ပျိုးမှု နည်းပါးနေသောကြောင့် ဒေသခံတောင်သူများအနေဖြင့် စားသုံးဆီ ဖူလုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းသည့် စားဆီသန့်ကို ကိုယ်တိုင် စိုက်ပျိုးဆီကြိတ်၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နိုင်ရေးအတွက် စံပြကွက်ဖြစ်သည့် တောင်သူဦးနေမျိုးအောင်၏ ဆီနေကြာစိုက်ခင်းအား အထွက်နှုန်း ကောင်းစေရန် အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနှင့် ဝန်ထမ်းများမှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နေကြာဆီသည် ကျန်းမာရေးအတွက် သင့်လျော်သော စားသုံးဆီတစ်ခုဖြစ်ပြီး နေကြာဆီကို စားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါသည်များအတွက် အကောင်းဆုံး ဖြစ်ကြောင်း နှင့် နေကြာဆီတွင် အရေပြားမွဲခြောက်ခြင်း၊ ဆံပင်များ မွဲခြောက်ပျက်စီးခြင်းတို့ကို ကာကွယ်နိုင်သည့် ဗီတာမင်ဓာတ်များစွာ ပါဝင်ကြောင်း လေ့လာသိရှိရသည်။
ဆန်းမြင့်(ပြန်/ဆက်)


