မိုင်းပန် ၂၃     စက်တင်ဘာ    


    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အနောက်ရပ်ကွက်နေ ပြည်သူများအား နှစ်ရှည်မြေငှားဂရန်ထုတ်ပေးနိုင်ရန်အတွက် ယနေ့နံနက် (၈) နာရီအချိန်မှစ၍ ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိုင်းပန်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများတို့သည် ယနေ့ နံနက် (၈) နာရီအချိန်က အနောက်ရပ်ကွက်နေ ဒေသခံပြည်သူ ၂ဝဝ လျှောက်ထားမှုအပေါ် နှစ်ရှည်မြေငှားဂရန် ထုတ်ပေး နိုင်ရေးအတွက် မြေယာအရှုပ်အရှင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မြေရာဇဝင်မှတ်တမ်းများနှင့် တိုက်ဆိုင် စစ်ဆေးခြင်း၊ အဆောက်အဉီအခြေအနေစိစစ်ရန် လျှောက်ထားသူများ ၏ နေအိမ်အရောက် လျှောက်လွှာ လက်ခံခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

ထို့အပြင် မြေငှားဂရန် လျှောက်ထားမှုနှင့် ပတ်သက်၍ တံဆိပ်ခေါင်းခွန် နှင့်  မြေစာရင်းပုံစံ (၁ဝ၅)(၁ဝ၆)ပုံစံဖိုးများအတွက်သာ ငွေကြေးကုန်ကျစရိတ်ကျသင့်မည်ဖြစ်ကြောင်းနှင့် စက်တင်ဘာလ (၅) ရက်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမအတွင်းတွင် ပထမအကြိမ်အဖြစ် အလယ်ရပ်ကွက်နေ ဒေသခံပြည်သူ ( ၃၆ ) ဦးတို့အတွက် နှစ်ရှည်မြေငှားဂရန်များအား လက်ဝယ် ပေးအပ်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။ 

 

ကိုဆန်း (မိုင်းပန်)