မိုင်းပန်မြို့ရှိ မြို့နယ်ဦးစီးဌာနဆိုင်ရာ ရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများ အတွက် ဝန်ထမ်းအိမ်ရာ (၂) လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း

နေပြည်တော် ၂ သြဂုတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးက မိုင်းပန်မြို့ရှိ မြို့နယ်ဦးစီးဌာန ဆိုင်ရာ ရုံးအသီးသီးတွင် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက်ဝန်ထမ်းအိမ်ရာ (၂) လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဝန်ထမ်းအိမ်ရာများ တည်ဆောက်ရန်အတွက် မြေနေရာအခမဲ့ရရှိရန်နှင့် လျှပ်စစ်မီး၊ ရေရရှိရေး၊ အိမ်ရာလုံခြုံရေး၊ သွားလာရေးအဆင်ပြေသည့်နေရာဖြစ်ပြီး ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ လေးထပ် သုံးလုံးတည်ဆောက်နိုင်ရန်အတွက် မြေတစ်ဧကခန့် လိုအပ်ပါကြောင်း၊ နှစ်အလိုက် ရန်ပုံငွေ ရရှိမှုအပေါ်တွင် အိမ်ရာလိုအပ်ချက်များပြားသည့် မြို့အပေါ် မူတည်၍ ဝန်ထမ်းအိမ်ရာများ ဦးစားပေး တည်ဆောက်ပေးလျက်ရှိပြီး ရန်ပုံငွေပိုမိုရရှိပါက အိမ်ရာမရှိသေးသောမြို့များအား ပိုမိုတိုးချဲ့ ဆောက်လုပ်ပေးနိုင်မည် ဖြစ်ပါကြောင်း။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန်အတွက် မြေနေရာ ရရှိထားခြင်းမရှိသေးပါသဖြင့် ဝန်ထမ်းအိမ်ရာ ဌာနပိုင်အမည်ပေါက် မြေနေရာ ရရှိရေး ပထမ ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကာ မြေနေရာရရှိပြီးမှသာ ဒုတိယအဆင့် ရန်ပုံငွေ တောင်းခံခြင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

MDN
Credit-ပြည်သူ့လွှတ်တော်