နေပြည်တော် ဧပြီ ၂၉
ဧပြီ ၂၈ ရက်မွန်းလွဲ ၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းပျဉ်းမြို့နယ်၊ ဝမ်ဖြစ်ကျေးရွာအုပ်စု၊ ဝမ်ဖြစ်ကျေးရွာအနီးတွင် အိုက်တိန် မောင်းနှင်၍ အိုက်ငဲ နှင့် နာလိန် တို့ လိုက်ပါလာသည့် SKAT ၆ ဘီး မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အိုက်တိန် နှင့် အိုက်ငဲ တို့ ၂ ဦးမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသွားသဖြင့် နာလိန် အား ထိန်းသိမ်း၍ ယာဉ်ကိုစစ်ဆေး ရှာဖွေရာ ငွေကျပ်သိန်း ၁,၅၈၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁,၉၇၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မိုင်းပျဉ်းမြို့နယ်၊ ဝမ်ဖြစ်ကျေး ရွာအုပ်စု၊ လွန်ကျိုင်း ကျေးရွာ အနီးတွင် ကဖင်းများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင် သူများဖြစ်သည့် စိုင်းအောင်စိန် ကို ALPHARD မော်တော်ယာဉ်နှင့် လည်းကောင်း၊ စိုင်းဆွေဖူး ကို MAZDA မော်တော်ယာဉ်ဖြင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဧပြီ ၂၈ နံနက် ၁၀ နာရီခွဲတွင် တန့်ယန်းမြို့၊ ရပ်ကွက်(၅)၊ တန့်ယန်း-မိုင်းကောင် သွားကားလမ်းတွင် ခမ်းအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို လည်းကောင်း။ ထိုနေ့ နံနက် ၄ နာရီခွဲတွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ ကျော်မင်းသူ(ခ)ကျော်ကျော် ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား