မိုင်းပျဉ်း ဩဂုတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များအား အသိပညာပေး နှိုးဆော်ခြင်းကို ဩဂုတ် ၃၁ ရက် နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဉီးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးလှည့်လှည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌သာနေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးခြောက်ပေ အကွာမှ နေထိုင်ပြောဆိုရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကို ဆပ်ပြာနှင့် စက္ကန့်(၂၀) ကြာ စနစ်တကျ ဆေးကြောရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူ ရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသံချဲ့စက်အသုံးပြု၍ မြန်မာနှင့် ရှမ်းဘာသာစကားဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
မိုင်းပျဉ်းမြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၂၂၈)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ အိမ်ပြန်ခွင့်ရရှိသူ(၂၀၄)ဦး၊ ဆေးကုသမှုခံယူနေသူ(၂၄)ဦးနှင့် သေဆုံးလူနာမရှိကြောင်း သိရသည်။
ယဉ်ဝင်း(မိုင်းပျဉ်း)


