မိုင်းပျဉ်း ဧပြီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ဧပြီ ၃ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရမောင်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက် နစ်နာဆုံးရှုံးမှုများစွာရှိခဲ့ရာ ငလျင်ဘေးအန္တရာယ်ကို အထူးဂရုပြုကြရန်လိုကြောင်း၊ ငလျင်သည် ကြိုတင် မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုးဖြစ်သော်လည်း ယခင်ငလျင်ဖြစ်စဉ်များကို သိရှိထားပြီး ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်နေစဉ်နှင့် ငလျင်လှုပ်ပြီး ချိန်များတွင် ဆောင်ရွက်ကြရမည့်နည်းလမ်းများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ငလျင်ကြီးများ မလှုပ်မီ သဘာဝအလျောက် ကြိုတင်သိရှိနိုင်သည့် အခြေအနေများကို ပညာပေးဟောပြောသည်။
ထို့နောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန် ရှောင်ရန်အချက်များကို အသိပညာပေးပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက ရုံးရှေ့ကွင်းပြင်၌ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)



